နိဒါန်း

Data Science ဘာသာရပ်အား ၂၁ ရာစု၏ မရှိမဖြစ် လိုအပ်လာမည့် ဘာသာရပ်ဖြစ်ကြောင်း ပညာရှင်အများစုက လက်ခံထားပြီးဖြစ်ပါသည်။ သို့ဖြစ်ပါသော်လည်း မြန်မာစာပေဖြင့် တင်ဆက်မှုကား အခြားပညာရပ်များနှင့် နှိုင်းယှဉ်ပါက အလွန်ပင် နည်းပါးကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဤဘာသာရပ်အား လူတိုင်းအလွယ်တကူ လေ့လာနိုင်ရန် ကြိုးစားတင်ဆက်ထားခြင်းဖြစ်သည်။ ပထမဦးစွာ ကျနော်များ Myanmar Data Science ဖြစ်တည်လာပုံအား အနည်းငယ် အသိပေး တင်ပြလိုပါသည်။

ပေါ်ပေါက်လာပုံ

Data Science ဘာသာရပ်အား အွန်လိုင်းစာမျက်နှာနှင့် သင်ယူပို့ချမှု သင်တန်းအမြောက်အများရှိသော်လည်း မြန်မာစာပေဖြင့် တင်ဆက်မှုမှာ အလွန်ပင် နည်းပါးနေသည်ဟု ဆိုရမည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် Data Science ဘာသာရပ်အပေါ် နိုင်ငံတော်အစိုးရ အဆင့်မှ ဦးဆောင်ကာ ရင်းနှီးပံ့ပိုးမှုများဖြင့် အပူတပြင်း ဆောင်ရွက်နေသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မှု ဤဘာသာရပ်အား အသစ်အဆန်းသဖွယ် ထင်မှတ်နေဆဲဖြစ်သည်။ မှားယွင်းသော ခံယူချက်အချို့ကား ဤဘာသာရပ်သည် လူတိုင်းအတွက်မဟုတ်၊ အချို့အချို့သော ပညာရပ်များ သင်ယူဆည်းပူးထားသူတို့ အတွက်သာ ဖြစ်သည်ဟူသော ခံယူချက်ဖြစ်သည်။ အမှန်တကယ်တွင်မူ Data Science ဘာသာရပ်မှာ စီးပွါးရေး၊ လူမှုရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍပေါင်းစုံအတွက် အကျုံးဝင်ပါသည်။ ထိုသို့ လူတိုင်းနှင့် သက်ဆိုင်သော ဘာသာရပ်၏ အကျိုးကို သိနားလည်ပြီး ဖြစ်သောနိုင်ငံများ အနေဖြင့် ဤဘာသာရပ်အား ရင်းနှီးပံ့ပိုးမှုများ ပြုလုပ်နေသည်မှာ မဆန်းပေ။ ကျနော်များလည်း ထိုနည်းလည်းကောင်း နားလည်ယုံကြည်သည်အတွက် ဤဘာသာရပ်အား မြန်မာတို့ အလွယ်တကူလေ့လာကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းရန် အလို့ငှါ ယခုကဲ့သို့ Myanmar Data Science အား တည်ထောင်ကာ Data Science ဘာသာရပ်များအား မြန်မာစာပေဖြင့် အခမဲ့ တင်ဆက်မှုများ ပြုလုပ်ရခြင်းဖြစ်ပါသည်။

သင်ကြားရေးအထောက်အကူများ

Myanmar Data Science မှ လေ့လာသူတို့အတွက် ပြုလုပ်တင်ဆက်သော သင်ကြားရေး အထောက်အကူများမှာ သင်ရိုးညွန်းတမ်းတခု သို့မဟုတ် သင်တန်းတခု၏ သင်ကြားမှုများအပေါ် အခြေခံထားခြင်းမျိုး မဟုတ်ကြောင်း ဦးစွာအသိပေးလိုပါသည်။ သင်ရိုးစာအုပ် တအုပ်အပေါ် အခြေခံပါက ထိုစာအုပ်အား ရေးသားသူ၏ ရှုထောင့်တခုသာ ရရှိမည်ဖြစ်သည်။ Data Science ဘာသာရပ်အား လေ့လာရာတွင် ရှုထောင့် ပေါင်းစုံမှ အသိပညာတွေးခေါ်မှု ပုံစံကွဲများအား သိရှိနားလည်ရန် လိုအပ်သည်။ သို့သော်လည်း တင်ပြပုံကွဲများအကြား လေ့လာသူတို့၏ အသိအား အကျိုးမဖြစ်ထွန်းပဲ ရှင်းလင်းမှု အမျိုးကွဲများကြောင့် ရှုပ်ထွေးမှုသာ ဖြစ်စေမည်ဆိုသည်ကိုလည်း သတိပြုရသည်။ ထို့ကြောင့် ကျနော်များ၏ သင်ကြားရေးအထောက်အကူများမှာ ဘက်မျှသော တင်ဆက်မှုဘက်ကို အလေးပေး၍ ပြုလုပ်ထားကြောင်း အသိပေးလိုပါသည်။

တင်ဆက်သူများ

Myanmar Data Science မှ လေ့လာသူတို့အတွက် သင်ခန်းစာများအား တင်ဆက်ပို့ချသူတို့မှာ သတင်းအချက်အလတ် နည်းပညာနယ်ပယ်တွင် ဆယ်စုနှစ်တခုမက ကျင်လည်ထားပြီး ဖြစ်သော စီးပွါးရေးလုပ်ငန်း အတွေ့အကြုံရင့် Professional များဖြစ်သည်။ Academic ဟုခေါ်သော ပညာရေးဘက်တွင်လည်း နိုင်ငံတကာအဆင့် ထိပ်တန်း တက္ကသိုလ်များမှ မဟာဘွဲ့ရရှိထားပြီး ဖြစ်သော သူများဖြစ်သည်။ ထို့ပြင် IBM ကဲ့သို့သော Industry အသိအမှတ်ပြု Professional Certification များ ကိုင်ဆောင်ထားသူများ ဖြစ်သောကြောင့် ဤဘာသာရပ်အား တင်ပြရာတွင် ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံများ၊ နိုင်ငံတကာအဆင့် သင်ကြားမှု အတွေ့အကြုံများအား အထိရောက်ဆုံး ပြန်လည်မျှဝေ နိုင်မည်ဟု ယုံကြည်ပါသည်။

မျှဝေသုံးစွဲမှုဆိုင်ရာ မူဝါဒ

Myanmar Data Science မှ အခမဲ့တင်ဆက်သော သင်ခန်းစားများအား လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့သော် ထိုသို့မျှဝေရာတွင် မူရင်းအတိုင်းသာ မျှဝေရမည်ဖြစ်ပြီး တစုံတရာ ပြင်ဆင်မှုမပြုရန် သတိပြုပါ။ Myanmar Data Science မှ တဆင့်မျှဝေကြောင်းကိုလည်း သတင်းစကားပါး ရမည်ဖြစ်သည်။ အထူးသတိပြုရမည်မှာ Myanmar Data Science မှ အခမဲ့ဖြစ်စေ၊ အခြားမည်သည့်ပုံစံဖြင့် ဖြစ်စေ တင်ဆက်သော သင်ခန်းစာများအား အခကြေးငွေယူငင် ရောင်းဝယ်ဖောက်ကားမှု မပြုလုပ်ရန်ဖြစ်သည်။