မင်္ဂလာပါ။ ကျနော်များ အချိန်ထုတ်အားစိုက်ပြုလုပ်ခဲ့သော Myanmar Data Science Website မှာ အများသူငါ သုံးစွဲရန်အတွက် အဆင့်သင့် အနေအထားတွင် ရှိနေပြီ ဖြစ်ကြောင်း ဦးစွာတင်ပြလိုပါသည်။ ကျနော်များ၏ ကြိုးစားမှုအား အသိအမှတ်ပြုသော မိတ်ဆွေအပေါင်းအားလည်း အထူးပဲ ကျေးဇူးတင်ရှိပါသည်။ Data Science ဘာသာရပ်အား တကြိမ်တခါမှ မသင်ယူဖူးသော စိတ်ဝင်စား သူတို့အား အခြေခံမှစတင်၍ အဆင့်မြင့် ပညာရပ်များအထိ တတ်ကျွမ်းနားလည်အောင် သင်ကြားပြသပေးရန် ရည်ရွယ်သည်။
သင်ကြားတင်ဆက်မှု
Data Science ဟူသည် အလွန်ကျယ်ပြန့်သော နည်းပညာဘာသာရပ် ဖြစ်သည်။ နည်းပညာဘာသာရပ်ဟု ဆိုသောလည်း နည်းပညာ တတ်ကျွမ်းမှုတခုတည်းဖြင့် မလုံလောက်သော ဘာသာရပ်လည်းဖြစ်သည်။ အချို့က “Science” ဟုခေါ်သော်လည်း ပြသနာတခုအား ဖြေရှင်းရာတွင် ပုံသေနည်းထက် တွေးခေါ်ကြံဆမှုအား အသုံးပြုရသလို တွေ့ရှိချက်များကို အနုပညာရှင်ဆန်ဆန် တင်ပြရသည့် သဘောရှိသောကြောင့် “Science” တခုတည်း မဟုတ်ဟု ဆိုပြန်သည်။ ထို့ကြောင့် ဤဘာသာရပ်အား သင်ကြားတင်ဆက်မှုပြုရာတွင် ရှေးရိုးစွဲ ကျောင်းသင်ခန်းစာ ပုံစံမျိုးတင်ဆက်ပါက လေ့လာသူတို့၏ ပင်ကိုယ်တွေးခေါ်နိုင်စွမ်းအား အဟန့်အတားပင် ပြုလုပ်ရာ ရောက်ပေမည်။ အခြားတဖက်တွင်လည်း အွန်လိုင်းသင်ကြားမှုအားဖြင့်သာ တင်ဆက်နိုင်ပါမှ လူအများထံ ရောက်ရှိနိုင်မည်ဖြစ်သော ကန့်သတ်ချက် ရှိပြန်သည်။ ဤနှစ်ခုအကြား ဘက်မျှစေရန်ဟူသော ထုံးအား နှလုံးမူကာ သင်ကြားရေး အထောက်အကူများ ပြုလုပ်ရာတွင် အထူးသတိထား ဆောင်ရွက်ထားကြောင်း ပြောကြားလိုပါသည်။
လွယ်ကူလေ့လာ
အထက်တွင်တင်ပြခဲ့သော စိန်ခေါ်မှုအား ကျော်လွှားနိုင်ရန် ကျနော်များ အနေဖြင့် သင်ယူသူများအတွက် အလွယ်ကူဆုံး နည်းလမ်းဖြစ်သော Click တချက်နှိပ်ကာ သင်ခန်းစာများအား အခမဲ့ ကြည့်ရှုနိုင်ရန် ကြိုးပမ်းရပေတော့သည်။ သင်ခန်းစာ ဗီဒီယိုဖိုင် အရွယ်အစားအား မူလ အရည်အသွေး မထိခိုက်စေဘဲ တတ်နိုင်သမျှ သေးငယ်အောင် ပြုလုပ်ပါမှာ လေ့လာသူတို့အတွက် အသုံးပြုရာတွင် မြန်ဆန်မည်ဖြစ်သလို သုံးစွဲခလည်း သက်သာစေမည်ဖြစ်သည်။
ထိရောက်စေရန်
လေ့လာသူတို့အား မိမိတို့ သင်ယူသော သင်ခန်းစာများအား နားလည်သဘောပေါက်ကာ အထိရောက်ဆုံး ဖြစ်စေရန် ရည်ရွယ်၍ သင်ခန်စားများအား တင်ဆက်ရာတွင် နားလည်သဘောပေါက်မှုကို တင်ပြသော သီအိုရီ သင်ခန်းစားများ ရှိသကဲ့သို့ လက်တွေ့ လေ့ကျင့်ရန်အတွက်လည်း လက်တွေ့ Lab များဖြင့် ရှင်းလင်းတင်ပြထားသည်။ သို့ဖြစ်ပေရာ လေ့လာသူတို့အနေဖြင့် နားထောင်ရုံဖြင့်သာ သဘောပေါက် နားလည်မှုအပြင် တဆင့်ပို၍ လက်တွေ့လေ့ကျင့်ရန်ပါ လိုအပ်ကြောင်း အကြံပြုလိုပါသည်။
နောက်ဆုံးစကား
ကျနော်များ တင်ဆက်သော သင်ခန်းစာများမှာ တကြိမ်တခါမှ မသင်ယူဖူးသော စိတ်ဝင်စားသူတို့အား အခြေခံမှစတင်၍ သင်ကြားခြင်းဖြစ်သောကြောင့် ရင်းနှီးပြီးသောသူများ အနေဖြင့် နှေးသည်ဟု ခံစားမိပေမည်။ ထို့ပြင် အကြောင်းအရာတခုအား သဘောပေါက်လောက်ပြီဟု ယူဆပါက ထပ်မံရှင်းလင်းမှု မပြုဘဲ နောက်ထပ်သင်ခန်းစာသို့ ရှေ့ဆက်ချီတက်ရသဖြင့် မရှင်းလင်းသေးသော သူတို့အနေဖြင့် အလွန်မြန်ဆန်သည်ဟု ခံစာမိမည်မှာ မလွဲပင်။ သို့ဖြစ်ပေရာ ထိုအစွန်းနှစ်ဘက်၏ အလယ်ကို ဗဟိုပြု၍ တင်ဆက်ရခြင်း ဖြစ်သည်ဆိုသည့်အချက်အား လေ့လာသူတို့အနေဖြင့် နားလည်ပေးစေလိုကြောင်း နောက်ဆုံးစကားအဖြစ် အသိပေးလိုပါသည်။
လေ့လာသူအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ။