Skip to content
Learn Data Science in Burmese Language
facebook
twitter
youtube

Myanmar Data Science

Data Science Lectures in Burmese

Email Support myanmardatascience@gmail.com
  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

Data Science ဘာသာရပ်အား မည်သို့စတင် လေ့လာရမည်နည်း

Posted on March 13, 2020March 13, 2020 by admin
0

Data Science ဘာသာရပ်အား သင်ကြားခဲ့ရာတွင် လေ့လာသူ အတော်များများထံမှ တူညီသော မေးခွန်းတခုအား စဉ်ဆက်မပြတ်ဖြေကြားခဲ့ရဖူးသည်။ ထိုမေးခွန်းမှာ Data Science ဘာသာရပ်အား မည်သို့စတင် လေ့လာရမည်နည်းဟူ၍ဖြစ်သည်။ ဤဆောင်းပါးမှာ ထိုမေးခွန်းအား ကျနော်၏ စာသင်သက် တလျှောက်လုံး ဖြေကြားခဲ့ဖူးသည့် အဖြေများအား စုစည်းကာ တင်ပြခြင်းဖြစ်သည်။

ပထမဦးစွာ တင်ပြလိုသည်မှာ Data Science ဘာသာရပ်အား မည်သို့စတင် လေ့လာရမည်နည်းဟူသော မေးခွန်း၏အဖြေမှာ တသတ်မတ်တည်း မဟုတ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူတဦးနှင့် တဦး နောက်ခံပညာရေး၊ လုပ်ငန်းအတွေ့အကြုံအားဖြင့် မတူညီကြသည့် သဘာဝရှိသည့်အတွက်၊ ထိုမေးခွန်း၏ အဖြေမှာလည်း တဦးနှင့်တဦး ကွဲလွဲမည်သာဖြစ်သည်။ ထို့ကြောင့် လေ့လာသူအများစုထံမှ တူညီသော အချက်အလက်များပေါ်အခြေခံကာ ယေဘုယျအဖြေအား တင်ပြပါမည်။

Data Science ဘာသာရပ်သည် ကွန်ပျူတာပရိုဂရမ် ရေးသားနှင့် ကင်းကွာ၍မရသော ဘာသာရပ်ဖြစ်သည့်အတွက် ပထမဦးစွာ ကွန်ပျူတာ ပရိုဂရမ်ရေးသားနည်းအား တတ်ကျွမ်းရပါမည်။ ထို့သို့လေ့လာရာတွင် တတ်ကျွမ်းမှုအဆင့်မှာ Software Engineer များကဲ့သို့ စွယ်စုံသုံးပရိုဂရမ်ရေးသားမှုအသိပညာ (Multi-purpose Programming Knowledge) ရှိရန်မလိုပေ။ Data Science နည်းပညာနယ်ပယ်၏ ဘောင်အတွင်း ပရောဂျက်များ အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့် အဆင့်အထိ တတ်ကျွမ်းရန်သာ လိုအပ်သည်။ သည့်အတွက် Myanmar Data Science မှ ကြီးမှူးကာ Programming for Data Science သင်ခန်းစာများအား Python အသုံးပြု၍ အခြေခံမှစတင်ကာ ကျွမ်းကျင်အဆင့်ထိ အခမဲ့ ပို့ချထားသည်။ ထိုသင်ခန်းစာမှာ Data Science ဘာသာရပ်အား လေ့လာသူတို့ ပထမဆုံး လေ့လာသင့်သည့် သင်ခန်းစာဖြစ်သည်။

ပရိုဂရမ်ရေးသားမှုအား ကောင်းစွာနားလည် သဘောပေါက်ပြီးလျှင်၊ တနည်းအားဖြင့် Programming for Data Science Series ရှိ သင်ခန်းစာများအား ကောင်းစွာသဘောပေါက် နားလည်ပြီးလျှင်တော့ Data Science ဘာသာရပ်၏ နောက်ထပ်အခြေခံ အုပ်တချပ်ဖြစ်သော စာရင်းအင်းပညာ (Statistics) အား လေ့လာရမည်။ ဤနေရာတွင်လည်း စာရင်းအင်းပညာအား ဘွဲ့လွန်အဆင့် ကျွမ်းကျင်သဘောပေါက်သည့် အနေအထားထိ ရောက်ရှိရန် လေ့လာခြင်းထက် စီးပွါးရေးလောကတွင် မည်သို့မည်ပုံ အသုံးချသည်ဆိုသည်ကို ချိန်ထိုးနားလည်သည့်အဆင့်ထိ သိရှိပါက လုံလောက်ပါသည်။ ပညာရပ်များကား လေ့လာလျှင် ကုန်ဆုံးသည့်သဘောမရှိသောကြောင့် လေ့လာသူတို့အနေဖြင့် ကန့်သတ်မှုဖြင့်သာပိုင်ဆိုင်ရသော မိမိတို့၏ တန်ဖိုးရှိသော အချိန်အား အမှန်တကယ်ထိရောက်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်ကာ Myanmar Data Science မှ Statistics for Data Science သင်ခန်းစာများအား အခမဲ့ တင်ဆက်ထားသည်။ ဤသင်ခန်းစာမှာ Data Science ဘာသာရပ်အား လေ့လာသူတို့ ဒုတိယအဆင့်အနေဖြင့် လေ့လာသင့်သည့် သင်ခန်းစာဖြစ်သည်။

Programming နှင့် Statistics ဘာသာရပ်များဖြင့် စပ်လျဉ်းသည့် အခြေခံများအား ရရှိပြီဆိုလျှင် Myanmar Data Science မှတင်ဆက်သော Introduction to Data Analysis သင်ခန်းစာမှာ မိတ်ဆွေအတွက် လေ့လာရန် အင်မတန်လွယ်ကူသော ဘာသာရပ်ဖြစ်သည်ကို မြင်သာပေမည်။ နည်းပညာဘာသာရပ်တခုအား ကျွမ်းကျင်သည့်အဆင့် (Professional Level) ရောက်အောင် လေ့လာရခြင်းမှာ အမှန်ကိုဆိုရသော် မလွယ်ကူလှပေ။ သို့ရာတွင် ထိုသို့သော မလွယ်ကူမှုအား လက်မှိုင်ချကာ ရှေ့ဆက်မတိုးဘဲ ကြောက်ရွံ့စိတ်ဖြစ်ပေါ်ခြင်းထက် ရှေ့ဆက်တိုးလျှင် ဘာတွေဆက်ဖြစ်မလဲဆိုသည့် စူးစမ်းလိုစိတ်နှင့် ဝါသနာအရင်းခံပါမှ ခရီးပေါက်မည်ဖြစ်သောကြောင့် ကျနော်၏ တင်ဆက်မှုအား အတတ်နိုင်ဆုံး စူးစမ်းလိုစိတ်အား လှုံ့ဆော်သောနည်းလမ်းဖြင့် တင်ပြထားခြင်းဖြစ်ရာ ထိရောက်မည်ဟု ယုံကြည်ကြောင်း ပြောကြားရင်း Data Science ဘာသာရပ်အား မည်သို့စတင် လေ့လာရမည်နည်းဟူသော မေးခွန်းအား အထက်ပါအတိုင်း ဖြေကြားလိုပါသည်။

Facebook

Myanmar Data Science

YouTube

ကျေးဇူးပြု၍ Subscribe လုပ်ပေးထားပါ

Myanmar Data Science

  • ပင်ပစာမျက်နှာ
  • သင်ခန်းစာများ
    • Introduction to Data Analysis
    • Programming for Data Science
    • Statistics for Data Science
  • သတင်းများ
  • ဆောင်းပါးများ
  • ကျွန်ုပ်တို့အကြောင်း
  • ပူးပေါင်းပါဝင်ရန်
  • ဆက်သွယ်ရန်

ရည်ရွယ်ချက်

မြန်မာစကား ပြောကြသူမျာ းအတွက် မြန်မာဘာသာ စကားဖြင့် Data Science ဘာသာရပ်အား အလွယ်တကူ သင်ယူနိုင်ရန် ရည်ရွယ်ပြီး ဤ website အား လုပ်ဆောင်ထားခြင်းဖြစ်သည်။ အခမဲ့ပညာရေး၊ အရည်အသွေးမြင့်သော သင်ကြားရေး အထောက် အကူများအား လူတိုင်း အဆင့်သင့် အလွယ်တကူ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ ငွေကြေး မတတ်နိုင်သူများ၊ သွားရေး လာရေး ခက်ခဲသော နေရာဒေသတွင် နေထိုင်သူများ၊ သင်ကြားပို့ချပေးမည့် ဆရာ မရှိသော အရပ်ဒေသမှ လေ့လာသူတို့အတွက် အကျိုးဖြစ် ထွန်းစေရန် ရည်ရွယ်ပါသည်။ အခြေခံမှစတင်၍ ကျွမ်းကျင်သည့် အဆင့်ထိ လေ့လာနိုင်မည်ဟု ယုံကြည်ပါသည်။

ပါဝင်နိုင်ရန်

အရည်အသွေးမြင့်သော သင်ရိုးညွှန်းတမ်းများအား အသင့်ဖြစ်ရန် ပြင်ဆင်ခြင်း၊ သင်ကြားပို့ချခြင်း၊ ရုပ်သံသွင်းခြင်းတို့ ပြုလုပ်ရာတွင် အချိန်၊ ငွေ၊ လုပ်အား အင်မတန်ကုန်ကျပါသည်။ သို့ပါ၍ ကျွန်တော်များ၏ မူလဘူတ ရည်ရွယ်ချက်ဖြစ်သော အခမဲ့ ပညာရေး ဟူသည့် ပန်းတိုင်သို့ ဆက်လက် ချီတက်နိုင်ရန် စီးပွါးရေး လုပ်ငန်းရှင်များမှ ကြော်ငြာများ၊ စပွန်ဆာများဖြင့် ကူညီပါလျှင် အလွန်ဝမ်းမြောက်မိပါမည်။ ထိုသို့ ကုသိုလ်ယူ အကျိုးတူ ဆောင်ရွက်လိုသော လူကြီးမင်းများ အနေဖြင့် ကျွန်တော်များ၏ ဆက်သွယ်ရန် လိပ်စာ myanmardatascience@gmail.com သို့ email ပြုလုပ်ပါရန် ပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်
myanmardatascience.com
+65-8186 4188
myanmardatascience@gmail.com
© Copyright | Myanmar Data Science | WordPress Theme: Enlighten by Accesspress Themes