ဗြိတိန်အခြေစိုက် လူသုံးကုန်လုပ်ငန်း Unilever ကုမ္ပဏီသည် ၎င်းတို့ထံ အလုပ်လျှောက်သူများ၏ ဗီဒီယို အင်တာဗျူးပုံရိပ်များပေါ် အခြေခံကာ ခန့်အပ်သင့်၊ မသင့်အား စတင် ဆုံးဖြတ်မှု ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။ အလုပ်လျှောက်သူများအား တင်ကြိုအင်တာဗျူးအဖြစ် အွန်လိုင်းမှနေ၍ ဖုန်း (သို့မဟုတ်) ကွန်ပျူတာဖြင့် ဗီဒီယို အင်တာဗျူးပြုလုပ်ကာ AI နည်းပညာသုံး အကဲဖြတ်ခြင်း ဖြစ်သည်။
ထိုသို့အကဲဖြတ်နိုင်ရန်အတွက် လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် ကောင်းမွန်သော လက်ရှိဝန်ထမ်းများ၏ အင်တာဗျူးများအတွင်း စိတ်ခံစားမှု၊ မျက်နှာအရိတ်အခြေနှင့် စကားလုံး အသုံးအနှုန်း ပြောဆိုမှု အချက်အလက် ဒေတာ ၂၅,ဝ၀ဝ ပေါ်အခြေခံကာ ညဏ်ရည်တု ဆော့ဖ်ဝဲက ဆုံးဖြတ်ပေးခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုဆော့ဖ်ဝဲအား အမေရိကန်အခြေစိုက် Hirevue ကုမ္ပဏီမှ ပြုလုပ်ထားခြင်းဖြစ်ပြီး CV ဖောင်များပါ အချက်အလက်များအား အားကိုးခြင်းထက် ပိုမိုတိကျခိုင်လုံသော အဖြေကို ထုတ်ပေးနိုင်စွမ်းရှိသည်ဟု ဆိုသည်။
သို့သော်လည်း အမှန်တကယ် လုပ်ငန်းခွင်အတွင်း ဆောင်ရွက်မှု ကောင်းမွန်ခြင်းထက် အမူအရာ အပြောအဆိုကောင်းသော သူများအား အလုပ်ခန့်အပ်မိနိုင်ကြောင်း ဝေဖန်သူတို့က ထောက်ပြကြသည်။ Hirevue ကုမ္ပဏီကတော့ သူတို့အနေဖြင့် ဗီဒီယို အင်တာဗျူးပေါင်း ၁ သန်းကျော်အထိ အကဲဖြတ်မှုများ ဆောင်ရွက်ပေးပြီးကြောင်းနှင့် ပျမ်းမျှအားဖြင့် ၃ လအတွင်း အင်တာဗျူး ၁သိန်းခွဲခန့်အား အကဲဖြတ်မှု ပြုလုပ်နိုင်ကြောင်း ဆိုသည်။
ကိုးကား – Telegraph (AI used for first time in job interviews in UK to find best applicants)